၂၀၂၁-၂၀၂၂ ဘောလုံးရာသီ လာလီဂါ အနှစ်ချုပ်
ပရီးမီးယားလိဂ် ပြီးရင် ပရိသတ် စိတ်ဝင်စားမှု အများဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ လာလီဂါ ကတော့ ဒီနှစ်မှာ သိပ်ပြီး ရင်ခုန် စိတ်လှုပ်ရှားစရာ မကောင်းခဲ့ဘူးလို့ပဲ ဆိုရပါမယ်။ ဘာစီလိုနာနဲ့ အက်တလက်တီကိုမက်ဒရစ် တို့ရဲ့ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းသွားမှုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ်တို့ အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ရမှတ်ဖြတ် ဦးဆောင်ပြီး ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ရီးရဲယ်မက်ဒရစ် အနေနဲ့ အသင်းရဲ့ သမိုင်းတစ်လျှောက် လာလီဂါ ချန်ပီယံဆုကို ၃၅ ကြိမ်မြောက် ရရှိခဲ့ခြင်း ဖြစ်ပြီး စပိန်ရဲ့ အအောင်မြင်ဆုံး အသင်း အဖြစ်လည်း ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ ဇီဒန်း အလွန် အန်ဆယ်လော့တီကို နောက်ထပ် တစ်ကြိမ် ယုံယုံကြည်ကြည် ခန့်အပ်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ရဲ့ လုပ်ရပ် မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး အီတလီ နည်းပြကြီး အနေနဲ့ ရီးရဲယ်မက်ဒရစ်ကို လာလီဂါ ဖလား အပြင် ချန်ပီယံလိဂ် ဖလား ယူပေးဖို့တောင် အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေခဲ့ပါပြီ။ သက်တမ်းရင့်လေ တန်ဖိုးရှိလေ ဖြစ်လာတဲ့ နှစ်ချို့ဝိုင် ကာရင်မ် ဘန်ဇီမာရဲ့ ဦးဆောင်မှုနဲ့ အတူ အတွေ့အကြုံ အပြည့်ရှိတဲ့ မိုဒရစ်၊ ခရူးစ်၊ ကက်ဆီမီယို၊ အလာဘာ တို့ရဲ့ ထိန်းကျောင်းနိုင်မှု ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ရိုဒရီဂို၊ ကာမာဗင်ဂါ၊ ဗယ်ဗာဒီ တို့လို့ လူငယ်ကြယ်ပွင့်တွေရဲ့ တောက်ပမှုတွေဟာ ရီးရဲယ်မက်ဒရစ်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာဖို့ အဓိက အခန်းကဏ္ဉက ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အရာအားလုံးထက် အရေးပါတဲ့ အချက်တစ်ချက်က စိတ်ဓာတ်ပိုင်း ဆိုင်ရာ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ် တို့ ဘယ်လောက်အထိ အောင်မြင်မှုကို ဆာလောင်ခဲ့တယ်ဆိုတာ ချဲလ်ဆီး၊ မန်စီးတီး တို့နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် အပြင် ဆီဗီလာနဲ့ ကစားခဲ့တဲ့ လာလီဂါ ဒုတိယအကျော့ ပွဲစဉ်ကို ပြန်ကြည့်ရင် သဘောပေါက်သွားမှာ သေချာပါတယ်။
ဘာစီလိုနာ ကိုဗစ် ၁၉ နောက်ဆက်တွဲ ဘဏ္ဏာရေး ပြသနာတွေ ကြုံတွေ့ခဲ့ရတဲ့ အပြင် အဓိက ကစားသမား မက်ဆီ ကျောခိုင်းသွားခဲ့တာကြောင့် ရာသီဝက်ကျော်ကျော်လောက် အထိကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ကိုးမန်းကို ထုတ်ပယ်ကာ ကစားသမားဟောင်း ဇာဗီ ဟာနန်ဒက်ဇ်ကို နည်းပြ တာဝန်ပေးအပ်ခဲ့ရပြီး ဆောင်းရာသီ အပြောင်းအရွှေ့ မှာတော့ ငွေတန်တန်နဲ့ အဒမ်မာ ထရာအိုရေး၊ အော်ဘာမီယန်း၊ ဖာရန်းတောရက်စ် တို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒီအခြေအနေဟာ ဘာစီလိုနာ အတွက် အပြောင်းအလဲ တစ်ခုလို့ ပြောလို့ ရပြီး ဒီကစားသမားတွေ ရောက်လာချိန်က စလို့ ဘာစီလိုနာတို့ ၁၅ ပွဲဆက် ရှုံးပွဲ မရှိခဲ့သလို ၇ ပွဲဆက် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အထိ တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ကနေ ယူရိုပါလိဂ် ဆင်းကန်ခဲ့ရသလို ယူရိုပါလိဂ် မှာလည်း ဖရန့်ဖတ်ကို ရှုံးပြီး ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာကြောင့် ဖလား လက်မဲ့ ရာသီ အဖြစ်နဲ့ အဆုံးသတ်ထားခဲ့ရပါတယ်။ နောက်ဆုံး မှာတော့ လာလီဂါ အမှတ်ပေးဇယား ဒုတိယနေရာ အထိ ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပြီး ရာသီ အစက မသေမချာ ဖြစ်ခဲ့တဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကိုလည်း အရယူသွားနိုင်ခဲ့တာက အဆိုးထဲက အကောင်းလို့ပဲ သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။
အက်တလက်တီကို မက်ဒရစ်လည်း ဘာစီလိုနာနဲ့ ထူးမခြားနားပါပဲ။ မနှစ်က အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေနဲ့ ဘာစီလိုနာနဲ့ ရီးရဲယ်မက်ဒရစ်ကို ကျော်ကာ လာလီဂါ ချန်ပီယံ ဖြစ်ခဲ့တဲ့ အက်တလက်တီကို မက်ဒရစ်တို့ ဒီနှစ်မှာတော့ ခြေစွမ်း သိသိသာသာ ကျဆင်းသွားခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် ပွဲစဉ် ၃၇ လောက်အထိ တိုက်ပွဲ ဝင်ခဲ့ရတာ ဖြစ်ပါတယ်။
ဆီဗီလာ ကတော့ ရာသီ အစပိုင်းမှာ တော်တော်လေး အလားအလာ ကောင်းခဲ့သလို ၁၅ ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ ရလဒ်တွေ ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာက ဆီဗီလာရဲ့ အိမ်ကွင်း ခြေစွမ်း ဖြစ်ပြီး လာလီဂါ ချန်ပီယံ ဖြစ်သွားတဲ့ ရီးရဲယ်မက်ဒရစ်လိုပဲ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာသီသိမ်းခါနီးမှ သရေပွဲနဲ့ ရှုံးပွဲတွေ များခဲ့တဲ့ လိုပက်တက်ဂီရဲ့ အသင်းက အဆင့် ၄ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်မှာ မထင်မှတ်ထားတဲ့ ခြေစွမ်းနဲ့ အတိုင်းအတာ တစ်ခု အထိ ရလဒ်ကောင်းခဲ့တဲ့ နှစ်သင်း ကတော့ ရီးရဲယ်ဘက်တစ်နဲ့ ရီးရဲယ်ဆိုစီဒက် တို့ ဖြစ်ပြီး ဗီလာရီးရဲယ်ကို ကျော်ပြီး ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့ကြပါတယ်။ ချန်ပီယံလိဂ် ကို အာရုံစိုက်ခဲ့တဲ့ အူနိုင်း အန်မေရီရဲ့ အသင်း ကတော့ ဒီနှစ်မှာတော့ ယူရိုပါကွန်ဖရင့်လိဂ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
၂၀၂၁-၂၀၂၂ ဘောလုံးရာသီ လာလီဂါ ပြိုင်ပွဲရဲ့ အနှစ်ချုပ်နဲ့ ထူးခြားချက် တချို့ကို ဖော်ပြရမယ် ဆိုရင်တော့…
ချန်ပီယံလိဂ် ဝင်ခွင့် – ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ၊ အက်တလက်တီကိုမက်ဒရစ်၊ ဆီဗီလာ
ယူရိုပါလိဂ် ဝင်ခွင့်- ရီးရဲယ်ဘက်တစ်၊ ရီးရဲယ်ဆိုစီဒက်
ယူရိုပါကွန်ဖရင့်လိဂ် ဝင်ခွင့် – ဗီလာရီးရဲယ်
တန်းဆင်း – အလာဗက်စ်၊ လီဗန်တေး၊ ဂရန်နာဒါ
သွင်းဂိုး အများဆုံး ကစားသမား – ကာရင်မ် ဘန်ဇီမာ (၂၇) ဂိုး
ဂိုးဖန်တီးမှုအများဆုံး – ကာရင်မ် ဘန်ဇီမာ (၁၂) ကြိမ်
သွင်းဂိုး+ဖန်တီးမှု အများဆုံး ကစားသမား – ကာရင်မ် ဘန်ဇီမာ (၃၉)
စုစုပေါင်း သွင်းဂိုး အရေအတွက် – (၉၄၅) ဂိုး
နိုင်ပွဲဆက်မှု အရှည်ကြာဆုံး အသင်း – ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ (၇) ပွဲ
ရှုံးပွဲ မရှိမှု အရှည်ကြာဆုံး အသင်း – ဘာစီလိုနာ၊ ဆီဗီလာ (၁၅) ပွဲ
နိုင်ပွဲ ပျောက်မှု အရှည်ကြာဆုံး အသင်း – လီဗန်တေး (၁၄) ပွဲ
ရှုံးပွဲ ဆက်မှု အရှည်ကြာဆုံး အသင်း – ဂီတာဖေး၊ မာယော့ကာ (၇) ပွဲ
နှစ်သင်းပေါင်း သွင်းဂိုး အများဆုံးပွဲ – ဆီဗီလာ ၅-၃ လီဗန်တေး၊ မာယော့ကာ ၂-၆ ဂရန်နာဒါ
လာမယ့်နှစ် တန်းတတ်လာမယ့် အသင်းများ – အီဘာ၊ အဲလ်မီးရီးယား (ဗယ်လာဒိုးလစ်၊ တီနာရီဖီ၊ ဂျီရိုနာ၊ လက်စ်ပဲလ်မက်စ် တို့ Play-Off ကစားပြီး အနိုင်ရမယ့် အသင်း)
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.