အခုတစ်ခါ မှာတော့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အနာဂတ်မှာ ရီးရဲယ်မက်ဒရစ်ကို အမ်ဘာပေး ရောက်ရှိလာနိုင်တယ်လို့ သုံးသပ်လိုက်တဲ့ ဟူဂိုဆန်းချက်ဇ်
ပြင်သစ် ကြယ်ပွင့် ကီလီယန် အန်ဘာပေးဟာ တစ်ချိန်ချိန်မှာ ရီးရဲယ်မက်ဒရစ် အသင်းကို ရောက်ရှိလာနိုင်ကြောင်း ကစားသမားဟောင်း ဟူဂို ဆန်းချက်ဇ်က ပြောကြားလိုက်ပါတယ်။ အမ်ဘာပေးဟာ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ရီးရဲယ်မက်ဒရစ်ထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာမယ်လို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပေမယ့် မထင်မှတ်ပဲ ဆုံးဖြတ်ချက် ပြင်ပြီး ပီအက်စ်ဂျီနဲ့ ၃ နှစ် စာချူပ် သက်တမ်းတိုးခဲ့သူလည်း ဖြစ်ပါတယ်။
ဟူဂို ဆန်းချက်ဇ်က “ အမ်ဘာပေးဟာ ရီးရဲယ်မက်ဒရစ်မှာ ကစားချင်တဲ့ သူ့ရဲ့ အိမ်မက်ကို အနာဂတ်မှာ အကောင်အထည် ဖော်လာနိုင်ပါတယ်။ သူ ပီအက်စ်ဂျီမှာ ဆက်နေခဲ့တယ် ဆိုတာ နိုင်ငံရေး အကြောင်းပြချက်တွေ ပါလို့ ဖြစ်ပါလိမ့်မယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဆန်းချက်ဇ်က အမ်ဘာပေး ကိစ္စကို အသေးစိတ် မသိပေမယ့် ရီးရဲယ်မက်ဒရစ်ကို အပြီး ငြင်းလိုက်တာမျိုး မဟုတ်ပဲ စောင့်ဆိုင်းခိုင်းလိုက်တယ်လို့ ယူဆကြောင်း။ ရီးရဲယ်မက်ဒရစ်ဟာ အမ်ဘာပေးရဲ့ အိမ်မက် ဖြစ်ပြီး မိသားစု ဝင်တွေ အပါအဝင် အခြား ဖိအားတွေကြောင့် အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဆန်းချက်ဇ်က အမ်ဘာပေး ကိစ္စမှာ နိုင်ငံရေး၊ လူမှုရေး အကြောင်းပြချက် များစွာ ရှိနိုင်ပြီး သေချာတာ ကတော့ အမ်ဘာပေးဟာ စပိန်မှာရော၊ ပြင်သစ် မှာပါ ငွေအများကြီး ရနိုင်လို့ ငွေကြေးကြောင့်တော့ မဟုတ်နိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အမ်ဘာပေးရဲ့ ဆုံးဖြတ်ချက်ကြောင့် အစောပိုင်းမှာ ရီးရဲယ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ် ကိုယ်တိုင် စိတ်ဆိုးခဲ့ပေမယ့် နောက်ပိုင်း မှာတော့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် တံခါးဖွင့်ထားတယ်လို့ ဆိုထားပါတယ်။ တစ်ဆက်တည်းမှာပဲ အမ်ဘာပေးရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်မှု အကြောင်းပြုပြီး လာလီဂါ အဖွဲ့ချုပ်က မန်စီးတီးနဲ့ ပီအက်စ်ဂျီကို FFP စည်းမျဉ်းတွေ ဖောက်ဖျက်နေတယ် ဆိုပြီး ယူအီးအက်ဖ်အေထံ တိုင်ကြားထားခဲ့ပါသေးတယ်။
ဟာလန်းကို ဘာကြောင့် မခေါ်ခဲ့သလဲ ဆိုတာ ရှင်းပြလာတဲ့ ပီရက်ဇ်
ရီးရဲယ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ဟာ မကြာသေးတဲ့ အချိန်က အမ်ဘာပေး ကိစ္စနဲ့ ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုလာခဲ့သလို အာလင်း ဟာလန်းကို ဘာကြောင့် မခေါ်ခဲ့သလဲ ဆိုတာကိုလည်း အကြောင်းပြချက် ပေးသွားခဲ့ပါတယ်။
ပီရက်ဇ်က “ကျွန်တော်တို့ အသင်းမှာ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ ကစားသမား တစ်ဦးလုံး ရှိနေပြီးသားပါ။ အဲ့တော့ ဘာကြောင့်များ ဟာလန်းကို ခေါ်ပြီး သူ့ကို အရန်ခုံ ပို့ထားမှာလဲ။” ဆိုပြီး စပိန် မီဒီယာ တစ်ခု ဖြစ်တဲ့ El Chiringuito ရဲ့ မေးမြန်းမှုကို ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ အနေနဲ့ တခြား ဘယ်သူ့ကိုမှ စိတ်မဝင်စားတော့သလို လက်ရှိမှာ အသင်းကို တည်ဆောက်ဖို့ အတွက် လုံလောက်တဲ့ လူငယ်ကစားသမားတွေ ရှိနေပြီ ဖြစ်တယ်လို့ ဆက်လက် ပြောကြားသွားခဲ့ပါသေးတယ်။
ရီးရဲယ်မက်ဒရစ် အသင်းဟာ အမ်ဘာပေးနဲ့ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမား နှစ်ဦးစလုံး လာလီဂါကို မရောက်ခဲ့တာကြောင့် မီဒီယာတွေရဲ့ မေးမြန်းခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ ပီရက်ဇ်ရဲ့ စကားအရ ဆိုရင် ပြီးခဲ့တဲ့ ဘောလုံး ရာသီက ၄၄ ဂိုးသွင်းပြီး ၁၅ ဂိုး ဖန်တီးပေးခဲ့တဲ့ ကာရင်မ် ဘန်ဇီမာ ကို တိုက်စစ်မှာ ဆက်လက် ဦးဆောင်စေပြီး ရိုဒရီဂို၊ ဗယ်ဗာဒီ၊ ဗင်နီးစီးယပ်စ် ဂျူနီယာ တို့လို ကြယ်ပွင့်တွေနဲ့ ရာသီအသစ်ကို စတင်ဖို့ ရှိနေပါတယ်။ လက်ရှိ အပြောင်းအရွှေ့ မှာတော့ ရီးရဲယ်မက်ဒရစ် အသင်း အနေနဲ့ ရူဒီဂါကို အလွတ်၊ မိုနာကို ကွင်းလယ် ကြယ်ပွင့် ချုအာမေနီကို ပေါင် ၆၇ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။
ဘာစီလိုနာကြောင့်တော့ ကွန်ဒေးကို ခေါ်ယူဖို့ မစိုးရိမ်ဘူးလို့ ဆိုလာတဲ့ ချဲလ်ဆီး
ချဲလ်ဆီး အသင်း အနေနဲ့ ဆီဗီလာ နောက်ခံလူ ဂျူးလ်စ် ကွန်ဒေးကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပြီး ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကြောင့်တော့ စိုးရိမ်မှု မရှိဘူးလို့ သိရပါတယ်။ အသက် ၂၃ နှစ် အရွယ် ပြင်သစ် နောက်ခံလူ ကွန်ဒေးကို ချဲလ်ဆီးက ကာလရှည်ကြာ ပစ်မှတ်ထားခဲ့ပြီး နည်းပြ တူချယ် သဘောကျတဲ့ ကစားသမား ဖြစ်ပါတယ်။
ကွန်ဒေး ဟာ ချဲလ်ဆီးထက် လာလီဂါ ထိပ်သီး ဘာစီလိုနာ ကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ထုတ်ဖော် ပြောကြားခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ သတင်းတွေ အရ ဆိုရင် ကွန်ဒေးဟာ ဇာဗီရဲ့ နံပါတ် ၁ ပစ်မှတ် ဖြစ်နေပြီး ပီကေး နေရာ အတွက် အစားထိုးဖို့ မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဘဏ္ဏာရေး ပြသနာက ဘာစီလိုနာတို့ ကစားသမားကောင်းတွေ ခေါ်ယူဖို့ အတွက်တော့ အဟန့်အတား တစ်ခု အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
90 Minutes မှာတော့ ကွန်ဒေးဟာ ဘာစီလိုနာနဲ့ ဘယ်လောက်ပဲ သတင်းတွေ ထွက်ထွက် ချဲလ်ဆီး ကိုပဲ ရောက်ရှိဖို့ နီးစပ်နေခဲ့ပြီး ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့သာ ကျန်ရှိတော့တယ်လို့ ဖော်ပြထားပါတယ်။ ဆီဗီလာ ဟာ ပြင်သစ် လက်ရွေးစင် အတွက် အနည်းဆုံး ပေါင် ၆၈.၂ သန်း အလိုရှိနေပြီး ချဲလ်ဆီး ကတော့ ပေါင် ၅၉ သန်းလောက်နဲ့ မကြာခင်မှာ သဘောတူညီမှု ရသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ လက်တလောတော့ ကွန်ဒီ အနေနဲ့ နေးရှင်းလိဂ် အုပ်စု ပွဲစဉ်မှာ ပြင်သစ် အတွက် ကစားရင်း ဒဏ်ရာရရှိခဲ့တာကြောင့် အသေးစား ခွဲစိတ်ကုသမှု ခံယူထားရပြီး တစ်လခန့် အနားယူရဖွယ် ရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.