စက်တင်ဘာ ၂၉ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကူလူဆက်ဗ်စကီးကို အပြီးသတ် ခေါ်ယူဖို့ စီစဉ်နေတဲ့ တော့တင်ဟမ်ဟော့စပါး
အသင်းမှာ အငှားနဲ့ လာရောက် ကစားနေတဲ့ ဒီဂျန် ကူလူဆက်ဗ်စကီးကို ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးက အပြီးသတ် ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။ ကူလူဆက်ဗ်စကီးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီလက စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် ကနေ စပါးကို ၁၈ လ အငှားနဲ့ လာရောက် ကစားနေသူ ဖြစ်ပါတယ်။
နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အတည်ပြုချက်အရ စပါးဟာ အသင်းမှာ ခြေစွမ်းပြနေတဲ့ ဆွီဒင် ကွင်းလယ် တိုက်စစ် ကစားသမား ကူလူဆက်ဗ်စကီးကို ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အကုန်မှာ အပြီးသတ် ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ စာချုပ်ပါ အချက်အလက်တွေအရ စပါးတို့ ကူလူဆက်ဗ်စကီးကို အပြီးသတ် ခေါ်ယူဖို့ အတွက် ဆိုရင်တော့ ယူရို ၃၅ သန်း ပေးချေရဖို့ ရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ် အရွယ် ဆွီဒင် လက်ရွေးစင်ဟာ တော့တင်ဟမ်ဟော့စပါး အတွက် ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားပြီး ၆ ဂိုးသွင်းကာ ၁၁ ကြိမ် ဖန်တီးပေးထားသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက စပါးရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆွန်၊ ကိန်းတို့နဲ့ အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး မြောက်လန်ဒန် ကလပ်ကို ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။
ကစားသမား ကိုယ်တိုင်ကလည်း ဂျူဗင်တပ်စ် အသင်းမှာ မပျော်ရွှင်တာကြောင့် တော့တင်ဟမ်ဟော့စပါး အသင်းထံ အပြီးသတ် ပြောင်းရွှေ့လိုနေသလို နည်းပြ အန်တိုနီယို ကွန်တီ ကိုလည်း ချီးကျူးပြောဆိုထားပါတယ်။
ကြံ့ခိုင်မှု အခြေအနေအရ အင်တာနဲ့ ပွဲမှာ ဒီဘားလား ပါဝင်ကစားနိုင်ဖို့ မသေချာသေး
ရိုးမား တိုက်စစ်မှူး ပေါ်လို ဒီဘားလားရဲ့ ကြံခိုင်မှု အခြေအနေအရ လာမယ့် စီးရီးအေ ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ဂျိုဆေး မော်ရင်ဟိုရဲ့ ရိုးမား အသင်းဟာ လာမယ့် အောက်တိုဘာ ၁ ရက်၊ စနေနေ့မှာ အင်တာမီလန်နဲ့ ထိပ်တိုက်တွေ့ဆုံ ကစားရဖို့ ရှိပြီး အမှတ်ပေးဇယား ရပ်တည်မှု အတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီ အကုန်က ဂျူဗင်တပ်စ်နဲ့ စာချုပ်ကုန်ဆုံးပြီးနောက် စီးရီးအေ ပြိုင်ဘက် ရိုးမား အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဒီဘားလားက ရောမ ကလပ်မှာ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ရိုးမား အတွက် ပြိုင်ပွဲစုံ ၈ ပွဲ ကစားပြီး ၄ ဂိုး သွင်းထားပေမယ့် HJK နဲ့ ယူရိုပါကွန်းဖရင့်လိဂ် ပွဲစဉ်မှာ ပွဲချိန် တစ်ဝက်ပဲ ကစားခဲ့ရသလို အတ္တလန္တာနဲ့ ပွဲမှာတော့ အရံခုံပဲ ထိုင်ခဲ့ရပါတယ်။
နောက်ဆက်တွဲ စစ်ဆေးချက်တွေအရ ကြီးကြီးမားမား ဒဏ်ရာ ပြဿနာ မရှိတာကြောင့် ရိုးမား ဘက်က ဒီဘားလားကို နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားနေတဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ သွားရောက် ပူးပေါင်းခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၈ နှစ် အရွယ် တိုက်စစ်မှူးဟာ ကြွက်သား ဒဏ်ရာကြောင့် ဟွန်ဒူးရပ်စ်၊ ဂျမေကာ တို့နဲ့ ကစားတဲ့ ခြေစမ်းပွဲ ၂ ပွဲစလုံး ကိုတော့ လွဲချော်ခဲ့ပါတယ်။
နည်းပြ ဂျိုဆေး မော်ရင်ဟို အနေနဲ့ ဒီဘားလားရဲ့ ဒဏ်ရာ ပြဿနာကို စိုးရိမ်နေရချိန်မှာ ကြွက်သား ဒဏ်ရာကြောင့် အနားယူနေရတဲ့ အသင်းခေါင်းဆောင် လော်ရန်ဇို ပယ်လီဂရီနီ အပြည့်အဝ ပြန်လည် ကောင်းမွန်နေပြီ ဆိုတဲ့ သတင်းကြောင့် အနည်းငယ် စိတ်အေးစရာ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ပယ်လီဂရီနီ အနေနဲ့ အင်တာမီလန်နဲ့ပွဲ အတွက် လူစာရင်းမှာ ကျိန်းသေပေါက် ပြန်လည် ပါဝင်လာဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။
ရာသီအကုန်မှာ အရန်ဂိုးသမား တစ်ဦး မဖြစ်မနေ ခေါ်ယူသွားမယ့် အေစီမီလန်
စီးရီးအေ ကလပ် အေစီမီလန် ကတော့ ရာသီ အကုန်မှာ အရန် ဂိုးသမား တစ်ဦး ထပ်မံ ဖြည့်တင်းသွားဖို့ ပြင်ဆင်လျက် ရှိကြောင်း သိရပါတယ်။ လက်ရှိ နံပါတ်တစ် ဂိုးသမား မိုက်မိုက်ဂ်နန်ဟာ ပွဲတိုင်း ပါဝင်ကစားနေရပြီး အကယ်၍ ဒဏ်ရာရရှိသွားခဲ့ရင် အရန်သင့် သုံးနိုင်မယ့် ဂိုးသမား တစ်ဦးကို အေစီမီလန်တို့ ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။
Calciomercato ရဲ့ ဖော်ပြချက်အရ ရာသီကုန်မှာ ရှစ်ပရီရန် တာတာရူဆာနူနဲ့ အန်တိုနီယို မီရန်းတေးတို့ အသင်း ကနေ ထွက်ခွာဖွယ်ရှိနေတာကြောင့် အရန် ဂိုးသမား တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ စီစဉ်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ စီးရီးအေ ထိပ်သီးတို့ ဖီအိုရင်တီးနားက ပီရက်ထရို တာရက်စီယာနိုနဲ့ အတ္တလန္တာက မာကို စပေါ့တိုင်ရယ်လို တို့ကို စောင့်ကြည့်လျက် ရှိတယ်လို့ သိရပါတယ်။
အသက် ၃၂ နှစ် အရွယ် တာရက်စီယာနိုဟာ ဖီအိုရင်တီးနား အသင်းမှာ ၃ နှစ် အတွင်း ပွဲပေါင်း ၅၉ ပွဲသာ ပွဲထွက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ဒီရာသီ မှာတော့ ၆ ပွဲ ပွဲထွက်ကစားခွင့် ရထားပေမယ့် ပေးဂိုး မရှိတဲ့ ပွဲစဉ် ၁ ပွဲသာ ရှိထားပါတယ်။ အသက် ၃၀ အရွယ် အီတလီ ဂိုးသမား မာကို စပေါတိုင်ရယ်လို ကလည်း အတ္တလန္တာရဲ့ ဒုတိယ ဂိုးသမား ဖြစ်ပြီး ၃ နှစ် အတွင်း ၃၅ ပွဲသာ ပွဲထွက်ခွင့်ရခဲ့သလို ဒီရာသီမှာတော့ တစ်ပွဲမှ ပါဝင်ကစားခွင့် မရသေးပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.