ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဒီရာသီမှာ အဓိက ကစားသမား တချို့ ဒဏ်ရာ မကြာခဏ ရရှိနေခြင်းနဲ့ အတူ ရလဒ်ပိုင်းကို ထိခိုက်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အာဆင်နယ်ဟာ အားထားရတဲ့ နောက်ထပ် ကစားသမား ၂ ဦး ဖြစ်တဲ့ တောင်ပံ ကစားသမား ဘူကာဘို ဆာကာနဲ့ ကွင်းလယ်လူ ဒီကလန် ရိုက်စ်တို့ ချဲလ်ဆီးနဲ့ ပွဲမှာ ဒဏ်ရာ ထပ်မံရရှိခဲ့ပြန်တယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လန်ဒန် မြို့ခံ ပြိုင်ဘက် ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး သရေ တစ်မှတ် ခွဲယူခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်ဟာ ဦးဆောင်ဂိုး သွင်းယူပြီးမှ ချေပဂိုး ပြန်ပေးခဲ့ရလို့ ၃ မှတ် အပြည့် မယူနိုင်ခဲ့သလို ဆာကာနဲ့ ရိုက်စ်တို့ ဒဏ်ရာရရှိခဲ့တာကြောင့်လည်း ပိုပြီး နစ်နာခဲ့ရပါတယ်။
ဒီကလန် ရိုက်စ် ကတော့ ပြီးခဲ့တဲ့ ပွဲစဉ် ၁၀ နယူးကာဆယ်နဲ့ ပွဲမှာ ခြေချောင်းကျိုး ဒဏ်ရာရရှိထားခဲ့ပေမယ့်လည်း ချဲလ်ဆီးနဲ့ ပွဲမှာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရိုက်စ်ဟာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရသလို ဆာကာ ကလည်း ချဲလ်ဆီး နောက်ခံလူ ကူကူရယ်လာရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဒဏ်ရာရကစားသမားတွေ ထပ်တိုးလာတဲ့ အခြေအနေနဲ့ ပတ်သတ်လို့ နည်းပြ မီခဲလ် အာတေးတားက အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ အာတေးတားက “သူတို့ကို ကြည့်ရတာ အဆင်ပြေမနေပါဘူး။ ဘာလိုလဲ ဆိုတော့ အရေးကြီးတဲ့ ကစားသမား နှစ်ယောက်က သူတို့ရဲ့ ပွဲကို ဆက်မကစားနိုင်တော့ဘူး ဆိုပြီး ပြောလာလို့ပါပဲ။ ဒါက သတင်းကောင်း မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်။ ဒီကစားသမား နှစ်ယောက်ကို မဖြစ်မနေ လူစားလဲခဲ့ရတယ်။ သူတို့ ဘယ်အချိန်လောက်မှ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဘာလိုလဲ ဆိုတော့ အဲဒီလို မဟုတ်ဘူး ဆိုရင် သူတို့က ကွင်းထဲ ကနေ ထွက်သွားမှာ မဟုတ်လို့ပါ” လို့ ချဲလ်ဆီးနဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
အဲဒီနောက် အာတေးတားက “ကျွန်တော် ဘာကို ဆုတောင်းနေရလဲ ဆိုတော့ နိုင်ငံတကာ ရက်သတ္တပတ် အပြီးမှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ အသင်း ပြန်ရဖို့ပါပဲ။ သူတို့တွေ ကြံ့ခိုင်မှု ပြည့်ဝပြီး အဆင်သင့် ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဘာလိုလဲ ဆိုတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၈ ပတ်က အိပ်မက်ဆိုး တစ်ခု ဖြစ်ခဲ့လိုပါ။ သံသယ အခြေအနေတွေ၊ ပြဿနာတွေက တစ်ခုပြီး တစ်ခုပါပဲ။ တချို့သူတွေက မကစားနိုင်ကြဘူး။ ဒါပေမယ့် တချို့သူတွေ ကျတော့လည်း အချိန် တချို့ပဲ ကစားနိုင်ကြတယ်။ အသင်းရဲ့ ဆန္ဒပြင်းပြမှုနဲ့ ကျွန်တော်တို့ ဘယ်လောက် အထိ လိုချင်လဲ ဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး။ ဒါတွေ မကြာခင် ရောက်လာတော့မှာပါ။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ဘာသာ တည်ငြိမ်မှုရှိနေဖို့ပဲ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါသေးတယ်။
အာဆင်နယ်ရဲ့ လက်ရှိ ဒဏ်ရာရစာရင်းမှာ ရာဟင်းမ် စတာလင်၊ တိုမီယာဆု၊ ကာလာဖီအိုရီ၊ တီယာနေး၊ တင်ဘာ၊ သောမက်စ် ပါတေး၊ ဘန်ဝှိုက် တို့ ရှိနေပြီး ဆာကာနဲ့ ရိုက်စ် တို့လည်း ထပ်တိုးလာခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရောက်ရှိနေပြီး လစ်ဗာပူးလ်နဲ့ ၉ မှတ် အထိ ကွာဟနေခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.