မန်ချက်စတာယူနိုက်တက် ၀ – ၀ မန်ချက်စတာစီးတီး
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီပွဲစဉ်ဟာ အရင်လို ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း မရှိခဲ့သလို တော်တော်လေး ပျင်းရိစရာ ကောင်းခဲ့ပြီး ဂိုးမရှိသရေ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ပရိသတ်မရှိတဲ့ အိုးထရက်ဖို့ဒ် ကွင်းကြီးထဲမှာ ၁၈၁ ကြိမ်မြောက် အဖြစ် ကစားခဲ့ကြတဲ့ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှု ဟာ မန်ချက်စတာဒါဘီ ဟန်ပန်တွေပါ ပျောက်ဆုံးခဲ့တယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
နည်းပြဆိုးလ်ရှားအနေနဲ့ ထုံးစံအတိုင်း တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ မေဆင်ဂရင်းဝုဒ်တို့ကို အထောင်ထားပြီး နောက်ကနေ ပံ့ပိုးပေးဖို့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်ကစားစေခဲ့ပါတယ်။ ကွင်းလယ်မှာတော့ မက်တော်မီနေး၊ ဖရက်ဒ်၊ ပေါ့ဘာတို့ကို ထားပြီး ခံစစ်မှာ ဝမ်ဘစ်ဆာခါ၊ လင်ဒီအော့ဖ်၊ ဟယ်ရီမက်ဂွိုင်းယား၊ လုခ်ရှော၊ ဂိုးမှာ ဒါးဗစ် ဒက်ဟဲယား တို့ကို အသုံးပြုခဲ့ ပါတယ်။ မန်ချက်စတာစီးတီး ကတော့ တိုက်စစ်မှာ ဂျီးဆပ်စ်၊ စတာလင်၊ ဒီဘရိုင်းနား၊ မာရက်ဇ်၊ ကွင်းလယ်မှာ ဖာနန်ဒင်ဟိုနဲ့ ရိုဒရီ တို့ကို ထားပြီး နောက်တန်းမှာတော့ ကန်ဆယ်လို၊ ရူဘင်ဒီးရာ့ဇ်၊ စတုန်းစ်၊ ဝေါလ်ကာ၊ ဂိုးသမား အီဒါဆင်တို့နဲ့ ပွဲထွက်လာပါတယ်။ မနေ့ညက ပွဲဟာ အထက်မှာ ပြောခဲ့သလိုပဲ အရင်နှစ်တွေကလို ပြိုင်ဆိုင်မှု မပြင်းထန်ခဲ့ပဲ နှစ်ဖက်တိုက်စစ်မှူးတွေရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကလည်း ထိရောက်မှုမရှိခဲ့တာ တွေ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အနေနဲ့ ကြည့်မယ်ဆိုရင် ဧည့်သည် မန်ချက်စတာစီးတီးက အနည်းငယ်ပိုသာခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက်က ၂ ကြိမ်ပိုသာခဲ့ပါတယ်။ ဂိုးပေါက်တည့်မှုကတော့ ၂ကြိမ်စီပဲ ရှိခဲ့လို့ ပရိသတ်တွေအတွက် ပွဲကြည့်ရတာတော့ အားရစရာ မရှိခဲ့ပါဘူး။
ပွဲပြီး သုံးသပ်ချက်
အခုနှစ် ပရီးမီးယားလိဂ် ရဲ့ အဆင့် ၈ နဲ့ ၉ နေရာတွေမှာ အထက်အောက်ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ တစ်မှတ်စီခွဲယူခဲ့ကြတာကို နည်းပြ ဆိုးလ်ရှားနဲ့ ပပ်ဂွာဒီယိုလာတို့ကတော့ ကျေနပ်နေကြတဲ့ ပုံပါပဲ။ နှစ်သင်းစလုံး ဒီပွဲ မတိုင်ခင်က ပရီးမီးယားလိဂ်မှာ ခြေစွာနေခဲ့ကြတဲ့ အသင်း ၂ သင်းအတွက် အခုရလဒ်ဟာ မျှတတဲ့ အဖြေတစ်ခုလို့ပဲဆိုရမှာပါ။ ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ် တို့ ခြေစွမ်းမပြနိုင်ခဲ့သလို ဖာနန်ဒက်စ်ရဲ့ ကန်ချက်တွေကလည်း ထိရောက်မှု မရှိခဲ့ပေမယ့် နောက်ခံလူ နှစ်ဦးဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ လုခ်ရှော၊ ဝမ်ဘစ်ဆာခါတို့ရဲ့ စွမ်းဆောင်ရည်ကတော့ တော်တော်လေးကောင်းခဲ့ပါတယ်။ မက်ဂွိုင်းယားအနေနဲ့ အဝါကတ် ထိခဲ့ပေမယ့် ယူနိုက်တက်ရဲ့ နောက်တန်းမှာ အကောင်းဆုံး ကစားသွားခဲ့ပြီး ဘစ်ဆာခါကတော့ တစ်ဖက်က အန္တရာယ်များတဲ့ ကစားသမား စတာလင်ကို အကောင်းဆုံးထိန်းချုပ် ကစားသွားနိုင်ခဲ့ပါ တယ်။ လုခ်ရှောကတော့ ခံစစ်အပြင် တိုက်စစ်ကိုပါ လိုက်ပါပြီး ကစားနိုင်ခဲ့ပါတယ်။ စီးတီးဘက်မှာတော့ ကွင်းလယ်က ဖာနန်ဒင်ဟို နဲ့ ဒီဘရိုင်းနား အကောင်းဆုံးကစားသွားခဲ့ပြီး ညာနောက်ခံလူ ကိုင်လီဝေါလ်ကာလည်း ပုံစံကောင်းတစ်ခုကို ပြသသွားနိုင်ခဲ့ပါတယ်။ ဒီဘရိုင်းနားရဲ့ ဖန်တီးပေးပို့မှု တစ်ချို့က လှပသေသပ်ခဲ့ပေမယ့် အသင်းအတွက် သွင်းဂိုးရရှိအောင်တော့ ပြောင်းလဲပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ရိုဒရီ ခြေစွမ်းမပြနိုင်ခဲ့သလို အမှားတွေ များခဲ့ပါတယ်။ ကန်ဆယ်လို၊ စတုန်းစ်၊ ဝေါလ်ကာတို့ကတော့ လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးလုပ်ခဲ့ပြီး ဝေါလ်ကာ ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ဘောကတော့ VAR ပြန်ကြည့်ပြီး ရက်ရှ်ဖို့ဒ် လူကျွံနေကြောင်း ဆုံးဖြတ်ခဲ့လို့ ကံကောင်းခဲ့ပါတယ်။ ဘာပဲပြောပြော အခုပွဲအဖြေက နှစ်သင်းစလုံးအတွက် မျှတခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ၁၈၁ ကြိမ်မြောက် ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီကတော့ ပရိသတ်တွေကို အားမလို အားမရ ဖြစ်စေခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
မန်ချက်စတာယူနိုက်တက် တို့ လာမယ့်တစ်ပတ် စနေနေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ရှိပြီး မန်ချက်စတာစီးတီးကတော့ ဝက်စ်ဘရွန်းနဲ့ ကစားရဖို့ ရှိနေလို့ နှစ်သင်းစလုံး ပွဲချောင်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.