ဥရောပထိပ်သီးလိဂ် ၅ ခုရဲ့ အမှတ်ပေးပွဲစဉ်တွေ အခုတစ်ပတ်မှာ ဆက်လက်ကစားခဲ့ကြပြီး စီးရီးအေ မှာတော့ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ချန်ပီယံအသင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ရာသီကုန်အထိ ၄ ပွဲ ကစားဖို့ ကျန်ရှိနေသေးပေမယ့် အင်တာမီလန်တို့ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၁၃ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ တာကြောင့် စောစောစီးစီးပဲ ချန်ပီယံ ဖြစ်ခဲ့တာပါ။ အင်တာမီလန်တို့ အတွက် ၁၁ နှစ်အကြာမှ စကူဒက်တို ချန်ပီယံဆုကို ပထမဦးဆုံး အကြိမ် ပြန်လည် ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပြီး ဆယ်စုနှစ် တစ်ခုအကြာ ဖလား လက်မဲ့ ဖြစ်နေတာကိုလည်း အကောင်းဆုံး အခြေအနေ တစ်ခုနဲ့ အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန်တို့ စနေနေ့က ကစားခဲ့တဲ့ ခရိုတိုနီနဲ့ စီးရီးအေ ပွဲစဉ်မှာ ဟာကီမီ၊ အဲရစ်ခ်ဆင်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် အနိုင်ရခဲ့ပြီး မနေ့က ကစားခဲ့တဲ့ ဆာဆူအိုလိုနဲ့ အတ္တလန္တာ ပွဲရလဒ်ကို စောင့်ခဲ့ရတာ ဖြစ်ပါတယ်။ ကံကောင်းချင်တော့ စီးရီးအေ အမှတ်ပေးဇယား ဒုတိယနေရာက အတ္တလန္တာတို့ ဆာဆူအိုလိုနဲ့ သရေကျသွားခဲ့လို့ အင်တာမီလန်တို့ အခုတစ်ပတ်မှာပဲ ချန်ပီယံ ဖြစ်သွားခဲ့တာပါ။ ဂျူဗင်တပ်စ်နဲ့ ချဲလ်ဆီး နည်းပြဟောင်း ကွန်တီ အနေနဲ့ အင်တာမီလန် အသင်းနဲ့ အတူ ဒုတိယရာသီမှာတင် ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပြီး နည်းပြ သက်တမ်း တစ်လျှောက် စီးရီးအေ ချန်ပီယံဆုကို ၄ ကြိမ်မြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။ ၉ ရာသီဆက်တိုက် စီးရီးအေ ချန်ပီယံဆုကို အပိုင်သိမ်းထားတဲ့ ဂျူဗင်တပ်စ်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပြီး ဂျူဗင်တပ်စ်တို့ကို ၂၀၁၁ ဘောလုံးရာသီကစလို့ ၃ ရာသီဆက် စကူဒက်တိုဖလား ယူပေးခဲ့တာလည်း ကွန်တီ ပဲ ဖြစ်ပါတယ်။ ကွန်တီ အနေနဲ့ ဥရောပထိပ်သီး အသင်းကြီး ၃ သင်းဖြစ်တဲ့ ဂျူဗင်တပ်စ်၊ ချဲလ်ဆီး၊ အင်တာမီလန် တို့ကို ကိုင်တွယ်ခဲ့ပြီး ၃ သင်းစလုံးနဲ့ အမှတ်ပေးဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြလည်း ဖြစ်ပါတယ်။
တကယ်တမ်းတော့ အင်တာမီလန်တို့ ဆယ်စုနှစ် တစ်ခုအကြာ ဆုဖလား အောင်မြင်မှု ဝေးကွာနေတာကို အဆုံးသတ် နိုင်ခဲ့တာဟာ ကွန်တီ တစ်ဦးတည်းကြောင့် မဟုတ်ပါဘူး။ အသင်းရဲ့ ပိုင်ရှင်အသစ် ဖြစ်တဲ့ တရုတ်လူမျိုး လူငယ် လုပ်ငန်းရှင် စတီဗင်ကျန်း ဟာလည်း အဓိကကျခဲ့ပါတယ်။ ဥက္ကဌဟောင်း မိုရက်တီ လက်ထက်မှာ ကွင်းတွင်း၊ ကွင်းပြင် ကျဆင်းမှု ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အင်တာမီလန်ကို စတီဗင်ကျန်းက ယုံယုံကြည်ကြည်နဲ့ ပြုပြင် ပြောင်းလဲမှုများစွာ ပြုလုပ်ပြီး ရင်းနှီးမြှုပ်နှံပေးခဲ့သူ ဖြစ်ပါတယ်။ မိုရက်တီ လက်ထက်က ဆိုးမွေတွေကို လက်ဆင့်ကမ်းခဲ့ရတဲ့ စတီဗင်ကျန်း တစ်ယောက် ရှယ်ယာပိုင်ဆိုင်မှု ၆၈.၅၅ ရာခိုင်နှုန်း ရှိလာချိန်မှာတော့ အသင်းရဲ့ အခြေအနေက အဆိုးဆုံးအထိ ရောက်ခဲ့ရတာပါ။ ဒါကြောင့် စတီဗင်ကျန်းရဲ့ ဆန်းနင်း အုပ်စု အနေနဲ့ အင်တာမီလန် ကို ပြန်လည်ရောင်းချတော့မယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။
မနှစ်ကဆိုရင် ဖလားလက်မဲ့ ဖြစ်နေရတဲ့ ကြားက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အသင်းရဲ့ ရှယ်ယာတန်ဖိုးတွေ ထိုးဆင်းခဲ့ပြီး ယူရို သန်း ၁၀၀ လောက် အရှုံးပေါ်ခဲ့ရပါတယ်။ ဒါပေမယ့် စတီဗင်ကျန်းရဲ့ ကတိစကားတစ်ခွန်းဟာ အင်တာမီလန် ပရိသတ်တွေ အတွက်တော့ ရင်အေးခဲ့ရပြီး ကျန်းက သူကိုယ်တိုင်ယုံယုံကြည်ကြည် တည်ဆောက်ခဲ့တဲ့ အင်တာမီလန်ရဲ့ အနာဂတ်ကို ဘယ်တော့မှ အထိခိုက်ခံမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကျန်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီကတည်းက အသင်းကို ပြုပြင်ပြောင်းလဲမှု အကြီးစားတွေ ပြုလုပ်ခဲ့ပြီး ကွန်တီလို နည်းပြကို စတင်ခေါ်ယူခဲ့ပါတယ်။ အဲ့နောက် နည်းပြအပေါ် အပြည့်အဝ ယုံကြည်ထားခဲ့ပြီး ကွန်တီ စိတ်ကြိုက် အသင်းကို ပြင်ဆင်စေခဲ့ပါတယ်။
ပထမရာသီ မှာတင် လူကာကူ၊ အဲရစ်ခ်ဆင်၊ ဘာရယ်လာ၊ ပိုလီတာနို တို့ အပါအဝင် ကစားသမား ၁၆ ဦးအတွက် ပေါင်သန်း ၁၈၀ ကျော် သုံးစွဲပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်တာမီလန်တို့ စီးရီးအေမှာ ဒုတိယဆုပဲ ရခဲ့သလို ကိုပါအီတလီယာမှာ ဆီမီးဖိုင်နယ်၊ ချန်ပီယံလိဂ်မှာ အုပ်စုကနေ လှည့်ပြန်ခဲ့ရပြီး ယူရိုပါလိဂ်မှာတော့ ဒုတိယရခဲ့ပေမယ့် ဖလားလက်မဲ့ ရာသီကို ထပ်မံဖြတ်သန်းခဲ့ရပါတယ်။ စတီဗင်ကျန်းကတော့ ကွန်တီကို နောက်ထပ် တစ်ရာသီ အခွင့်အရေး ထပ်ပေးခဲ့တဲ့ အပြင် ဟာကီမီ၊ ကိုလာရော့ဗ်၊ ဗီဒယ်၊ ဒါမီယန်တို့ကို အသင်းအတွက် ထပ်မံဖြည့်တင်းပေးခဲ့ပါတယ်။ အခုဆိုရင်တော့ အသင်းရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ယုံကြည်ချက် အပြည့်ထားခဲ့တဲ့ စတီဗင်ကျန်းနဲ့ ကွန်တီရဲ့ စွမ်းဆောင်ရည်ကြောင့် အင်တာမီလန်တို့ ဆယ်စုနှစ် တစ်ခုကျော်ကာလ အတွင်းမှာ ပထမဦးဆုံး အောင်မြင်မှု ခြေလှမ်းကို ပြန်လည်စတင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
စကူဒက်တို ချန်ပီယံဆုကို ၁၉ ကြိမ်မြောက် ရရှိခဲ့တဲ့ အင်တာမီလန် တို့ ဂျူဗင်တပ်စ် ပြီးရင် စီးရီးအေ မှာ ဒုတိယမြောက် အအောင်မြင်ဆုံး အသင်း ဖြစ်ခဲ့သလို လက်ရှိမှာလည်း မြို့ခံပြိုင်ဘက် အေစီမီလန် ထက်လည်း ချန်ပီယံဆု ရရှိမှု ၁ ကြိမ် ပိုသာသွားခဲ့ပါပြီ။ လက်ရှိ ပြည်တွင်းဆုဖလား တစ်လုံးစတင်ရရှိခဲ့ပြီ ဖြစ်တဲ့ အင်တာမီလန်တို့ အရင်လို ဥရောပ ပြိုင်ပွဲတွေမှာ ပြန်ပြီး တန်းဝင်လာဖို့ အတွက်ဆိုရင်တော့ အခုထက် ပိုပြီး ကြိုးစားဖို့ လိုအပ်နေသေးတာတော့ အမှန်ပါပဲ။
ဘာပဲပြောပြော ကျန်းနဲ့ ကွန်တီ ပြန်လည်မွမ်းမံ တည်ဆောက်ခဲ့တဲ့ နယ်ရာဇူရီတို့ အသင်းရဲ့ လိုဂို အသစ်နဲ့ အတူ အောင်မြင်မှုတွေ တကျော့ပြန် သိမ်းပိုက်ပြီး နေ့ရက်သစ်တွေကို ဖြတ်သန်းနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.