အဲလ်ချီ ၀-၂ အက်တလက်တီကိုမက်ဒရစ်
ညက ကစားသွားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၃၆ ရဲ့ နောက်ကျပွဲ မှာတော့ အက်တလက်တီကို မက်ဒရစ်တို့ အဲလ်ချီကို အဝေးကွင်းမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲဟာ နည်းပြ ဒီယေဂို ဆီမြွန်နီ အတွက် လာလီဂါ ပွဲ ၄၀၀ မြောက် ဖြစ်သလို ဒီပွဲမှာ အနိုင်ရရှိခဲ့တဲ့ အတွက်ကြောင့်လည်း အက်တလက်တီကိုမက်ဒရစ်တို့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
နှစ်သင်းလုံး ၄-၄-၂ ကစားကွက်တွေပဲ ခင်းကျင်းလာခဲ့ပြီး အဲလ်ချီ ဘက်မှာ မီလာ၊ ဘိုရီ၊ ဂမ်ဘာအူ၊ မိုရန်တေး၊ ရိုကို၊ ပလာဆီယို့စ်၊ ဘာဒီရာ တို့နဲ့ လူစုံခဲ့သလို ဆီမြွန်နီရဲ့ အသင်း ကလည်း ဂရစ်ဇ်မန်း၊ မားသီးယက်စ် ကွန်ဟာ၊ ဒီပေါလ်၊ ကွန်ဒေါ့ဘီယာ၊ ကိုကီ၊ ကာရက်စ်ကို၊ ဆာဗစ်၊ ဂျင်မီနက်ဇ်၊ ဗာဆယ်လစ်ဂျ်ကို၊ ရိန်နီလ်ဒို၊ အိုဘလက်ခ်တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်ခဲ့ပါတယ်။
ပွဲအစပိုင်းမှာ အိမ်ရှင် အသင်းရဲ့ ကစားပုံကြောင့် အက်တလက်တီကိုတို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ပွဲချိန် ကြာလာတာနဲ့ အမျှ ကစားကွက် အထိုင်ကျလာခဲ့ခြင်းနဲ့ အတူ အဲလ်ချီရဲ့ ဂိုးပေါက်ကို ပြန်လည် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဗာဆယ်လစ်ဂျ်ကို စောစောစီးစီး ဒဏ်ရာရသွားလို့ လိုဒီနဲ့ လူစားလဲခဲ့ရပြီး ၂၈ မိနစ် မှာတော့ လူစားဝင် တောင်ပံကစားသမား လိုဒီ ချိုးပေးတဲ့ ဘောလုံးကို ကွန်ဟာက ပြေးဝင် ပိတ်သွင်းခဲ့လို့ အက်တလက်တီကိုတို့ အဖွင့်ဂိုး ရသွားခဲ့ပါတယ်။ ဂိုးပေးလိုက်ရတဲ့နောက် အဲလ်ချီတို့ ပွဲကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးက ကွင်းလယ်မှာတင်ပဲ အပျက်များနေခဲ့ပြီး အက်တလက်တီကို ဘက်ကလည်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မလုပ်နိုင်ခဲ့တာကြောင့် ၀-၁ ရလဒ်နဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲပြန်စချိန်မှာ အက်တလက်တီကိုတို့ နောက်ထပ် သွင်းဂိုးတွေ ရရှိဖို့ ကစားအား တင်လာခဲ့တာကြောင့် အဲလ်ချီ နောက်ခံလူတွေ သတိထား တားဆီးနေခဲ့ရပါတယ်။ တစ်ဦးချင်းရော၊ အသင်းလိုက် အချိတ်အဆက်မိမိ ထိုးဖောက်နေတဲ့ အက်တလက်တီကိုကြောင့် အဲလ်ချီ ခံစစ် တဖြည်းဖြည်း ပြိုဆင်းလာခဲ့ပြီး ပွဲချိန် ၆၂ မိနစ် မှာတော့ ဒုတိယဂိုး ခွင့်ပြုပေးလိုက်ရပါတယ်။ ဂရစ်ဇ်မန်းနဲ့ ဒီပေါလ်ရဲ့ တွဲလုံး ကနေ ဒီပေါလ်က အပိုင် ကန်သွင်း အဆုံးသတ်ပေးခဲ့တာ ဖြစ်ပြီး အဲ့ဒီနောက် မှာတော့ အက်တလက်တီကိုတို့ လူစား အပြောင်းအလဲတွေ ဆက်တိုက် ပြုလုပ်ပြီး အနိုင်ရလဒ်ကို ထိန်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲလ်ချီတို့ အက်တလက်တီကိုရဲ့ မာကျောတဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့သလို ပွဲပြီးခါနီး ကော်ရီယာရဲ့ ကန်ချက် ကောင်းပေမယ့် ဘားတန်းထိ ထွက်ခဲ့တာကြောင့် နှစ်သင်းလုံး သွင်းဂိုးတွေ ထပ်မရပဲ ၀-၂ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ဒီနေ့ပွဲမှာ အက်တလက်တီကို မက်ဒရစ်ရဲ့ ကစားပုံက ပြီးခဲ့တဲ့ မက်ဒရစ် ဒါဘီ ပွဲလောက်တောင် မကောင်းခဲ့ပါဘူး။ တိုက်စစ်ပိုင်း အားနည်းခဲ့ပေမယ့် အသင်းလိုက် အချိတ်အဆက်မိမိ ကစားနိုင်ခဲ့တာကြောင့် ဂိုးရဖို့ မခက်ခဲခဲ့တာ ဖြစ်ပါတယ်။ ဗာဆယ်လစ်ဂျ်ကို အစားဝင်လာတဲ့ ရီနန် လိုဒီရဲ့ တောင်ပံ တစ်လျောက် ရုန်းအားကောင်းခဲ့ပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ရမှာပါ။
ဒီပွဲရလဒ်ကြောင့် အက်တလက်တီကို မက်ဒရစ်တို့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့သလို လက်ကျန် ၂ ပွဲ ကစားဖို့ ကျန်နေသေးပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားခဲ့ပါတယ်။ အဲလ်ချီ ကတော့ လာလီဂါ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပေမယ့် မာယော့ကာ အမှတ်လျော့ခဲ့တာကြောင့် တန်းမဆင်းရဖို့ သေချာသလောက် ရှိသွားခဲ့ပါတယ်။
ထူးခြားတာက နည်းပြ ဆီမြွန်နီ အနေနဲ့ အက်တလက်တီကို မက်ဒရစ် နည်းပြ ဘဝ လာလီဂါ ပွဲ ၄၀၀ ပြည့်မြောက်ခဲ့ပြီး ဘောလုံး သမိုင်းမှာ အသင်း တစ်သင်းတည်းကို ပွဲ ၄၀၀ ပြည့်အောင် ကိုင်တွယ်ခဲ့တဲ့ တတိယမြောက် နည်းပြ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဆီမြွန်နီဟာ အက်တလက်တီကို မက်ဒရစ်ကို ကိုင်တွယ်ခဲ့တဲ့ ၁၁ နှစ်တာ ကာလ အတွင်း ပွဲပေါင်း ၂၄၄ ပွဲ အနိုင်ရရှိအောင် စွမ်းဆောင်ပေးထားတဲ့ နည်းပြလည်း ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
အဲလ်ချီတို့ မေလ ၁၅ ရက်နေ့မှာ ဆဲလ်တာဗီဂိုရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး အက်တလက်တီကိုမက်ဒရစ် ကတော့ မေလ ၁၅ ရက်နေ့မှာ ဆီဗီလာကို မက်ထရိုပိုလီတာနိုမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.