ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အပြင် မန်ချက်စတာ ယူနိုက်တက် ကပါ စိတ်ဝင်စားနေတဲ့ တောင်ပံ တိုက်စစ် ကစားသမား ခရစ္စတီယန် ပူလီဆစ် အတွက် အေစီမီလန်က ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ အထိ အလိုရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ စီးရီးအေ ကလပ် အေစီမီလန် အတွက် ခြေစွမ်းပြနေတဲ့ ပူလီဆစ်ကို အေစီမီလန်က အလွယ်တကူ လက်မလွှတ်လိုပဲ အခုလိုပဲ ဈေးသတ်မှတ်လာခဲ့တာ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်း မီဒီယာ ဖြစ်တဲ့ CalcioMercato ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အမေရိကန် လက်ရွေးစင် ညာတောင်ပံ ကစားသမား ခရစ္စတီယန် ပူလီဆစ်ဟာ ဒေါ့မန်နဲ့ အတူ သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီ အပြောင်းအရွှေ့ကြောင့် လက်ရှိအချိန် အထိကို ပူလီဆစ်က မြောက်အမေရိက ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေး အများဆုံး အဖြစ် စံချိန် မှတ်တမ်းဝင်နေဆဲ ဖြစ်ပါတယ်။
ပူလီဆစ်ဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးမှာ ပုံမှန် ပွဲထွက် ကစားခွင့် ရဖို ရုန်းကန်လာခဲ့ရချိန် ၂၀၂၃ ခုနှစ် မှာတော့ အေစီမီလန်က ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ပူလီဆစ်ဟာ အေစီမီလန်ရဲ့ အရေးပါဆုံး ကစားသမား ဖြစ်နေပြီး တစ်ရာသီခွဲ နီးပါး ကာလ အတွင်း ၂၂ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။
ပူလီဆစ်ဟာ ဒီရာသီ မှာလည်း စီးရီးအေ ကလပ် အေစီမီလန် အတွက် ပြိုင်ပွဲစုံ ၁၅ ပွဲ ကစားပေးထားပြီး ၇ ဂိုး သွင်း၊ ၅ ဂိုး ဖန်တီးထားပါတယ်။ ဒီလို ခြေစွမ်းပြနေတဲ့ ပူလီဆစ်ကို လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့က ပရီးမီးယားလိဂ် ဆီ ပြန်လည် ခေါ်ဆောင်သွားဖို အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ ၂၀၂၅ ခုနှစ် ဇွန်လမှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် အီဂျစ် ညာတောင်ပံကစားသမား မိုဟာမက် ဆာလာရဲ့ နေရာမှာ အစားထိုးဖို့ ပူလီဆစ်ကို ခေါ်ယူချင်နေတာ ဖြစ်ပြီး ယူနိုက်တက် ကလည်း နည်းပြသစ် အမော်ရင် လက်ထက် တောင်ပံ တိုက်စစ် နေရာ အတွက် ပူလီဆစ်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
ဒီလို ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေခဲ့တဲ့ ခရစ္စတီယန် ပူလီဆစ်ကို စီးရီးအေ အေစီမီလန် ဘက်က ရောင်းချလိုခြင်း မရှိဘူးလို့ သတင်းတွေ မှာတော့ ဖော်ပြလျက် ရှိပါတယ်။ ဒါပေမယ့်လည်း အေစီမီလန် အနေနဲ့ ပူလီဆစ်ကို မဖြစ်မနေ လက်လွှတ်ရမယ် ဆိုရင်တော့ ပြောင်းရွှေ့ကြေး အဖြစ် ယူရို သန်း ၆၀ လောက်နဲ့ ကမ်းလှမ်းလာခဲ့မယ် ဆိုရင်တော့ ရောင်းချသွားဖွယ် ရှိနေပါတယ်။ အေစီမီလန်က ပူလီဆစ်ကို ချဲလ်ဆီး ကနေ ယူရို ၂၀.၈ သန်းနဲ့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.