ဖီအိုရင်တီးနား ၀ – ၃ လာဇီယို
ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၂၄ မှာတော့ လာဇီယိုတို့ ဖီအိုရင်တီးနားရဲ့ အိမ်ကွင်းမှာ တိုက်စစ် ခြေစွမ်းပြပြီး ၃ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
ဒီနေ့ပွဲမှာ အိမ်ရှင် ဖီအိုရင်တီးနားတို့ တိုက်စစ်မှာ ဗလာဟိုဗစ် နေရာ အတွက် ခေါ်ယူ အားဖြည့်ခဲ့တဲ့ အာသာ ကာဘရယ်ကို ကယ်လီဂျွန်၊ ဆော့တ်တေးလ် တို့နဲ့ တွဲဖက်ပေးခဲ့ပြီး ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်ခဲ့ပါတယ်။ လာဇီယို ကလည်း ၄-၃-၃ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ဆာရီ အနေနဲ့ တိုက်စစ်မှာ အင်မိုဘီလီ၊ ပက်ဒရို၊ ဇကာနီ၊ ကွင်းလယ်မှာ အဲလ်ဘတ်တို၊ လူးကပ်စ် လိုင်ဗာ၊ မီလန်ကိုဗစ် ဆာဗစ်၊ ခံစစ်မှာ လက်ဇာရီ၊ ဖီလစ်ပီ၊ ပက်ထရစ်၊ မာရူဆစ်နဲ့ ဂိုးမှာတော့ ဒုတိယ ဂိုးသမား စတရာကိုရှာ တို့ကို သုံးခဲ့ပါတယ်။
ပထမပိုင်း မှာတော့ နှစ်သင်းလုံး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပေမယ့် အင်မိုဘီလီနဲ့ ပက်ဒရို ဦးဆောင်လာတဲ့ လာဇီယို တိုက်စစ်က ကာဘရယ်၊ ကယ်လီဂျွန်တို့ ပါဝင်လာတဲ့ ဖီအိုရင်တီးနား တိုက်စစ်ထက် ပိုပြီး ထိရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်နဲ့ ကွင်းလယ် ကစားသမားတွေရဲ့ အဆုံးသတ်ပိုင်း အားနည်းချက် တွေကြောင့် ပထမပိုင်း အပြီးမှာ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲအစ မှာတော့ ကစားအား ထပ်တင်ခဲ့တဲ့ လာဇီယိုတို့ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပြီး ၅၂ မိနစ် မှာတော့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ တောင်ပံက ဇကာနီရဲ့ ပေးပို့မှု ကနေ တိုက်စစ် လိုက်ပါလာတဲ့ မီလန်ကိုဗစ် ဆာဗစ်က အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အိမ်ရှင်တို့ ချေပဂိုးရဖို့ အသည်းအသန် ကြိုးပမ်းနေခဲ့ပေမယ့် တန်ပြန် တိုက်စစ်နဲ့ ကစားခဲ့တဲ့ လာဇီယို တို့ပဲ ဒုတိယဂိုး ထပ်ရသွားခဲ့ပြီး ပွဲချိန် မိနစ် ၇၀ မှာ ကိုင်ရို အင်မိုဘီလီက သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၈၁ မိနစ် မှာလည်း လာဇီယိုတို့ အနိုင်သေချာစေမယ့် တတိယဂိုး ရရှိခဲ့ပြီး တန်ပြန် တိုက်စစ် ကနေ အင်မိုဘီလီ ဆွဲပြေးပြီး ကန်သွင်းတဲ့ ဘောလုံးကို အသင်းခေါင်းဆောင် ဘီရာဂီ တားဆီးရာမှာ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် ပွဲချိန်တွေမှာ တစ်ဖက်နဲ့ တစ်ဖက် ကစားပုံ ကြမ်းလာခဲ့ပြီး အိမ်ရှင် အသင်း ဘက်က တော်ရိုင်းယားလည်း ၈၅ မိနစ်မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ၁၀ ယောက် ၁၁ ယောက် ဖြစ်သွားချိန် မှာတော့ ဖီအိုရင်တီးနားတို့ ချေပဂိုး ရဖို့ လုံးဝ လက်လျှော့ခဲ့ရပြီး လာဇီယို ကလည်း အနိုင်ရလဒ်ကို ထိန်းခဲ့လို့ ၀-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ပွဲကို လာရောက် ကြည့်ရှုတဲ့ ဖီအိုရင်တီးနား ပရိသတ် အများစု ကတော့ အသင်းကို စွန့်ခွာသွားတဲ့ ဗလာဟိုဗစ်ကို မလိုအပ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် တကယ်တမ်း ကစားချိန် မှာတော့ ဆာဘီးယားသား မပါတဲ့ တိုက်စစ်က လုံးဝကို အားရစရာ မရှိခဲ့ပါဘူး။ တိုက်စစ်မှူးသစ် ကာဘရယ် ကတော့ အားထုတ်မှု အပြည့်နဲ့ ကစားသွားခဲ့ပေမယ့် အသင်းနဲ့ အသားကျဖို့ လိုအပ်နေသေးတယ် လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ နောက်ပြီး ချေပဂိုး ရချင်ဇောနဲ့ တစ်သင်းလုံး နီးပါး တိုက်စစ် အထိ လိုက်ပါ ကစားခဲ့မှုက လာဇီယိုရဲ့ တန်ပြန် တိုက်စစ် မထိန်းချုပ်နိုင်ခဲ့ပဲ ဂိုးပြတ် ရှုံးနိမ့်သွားစေခဲ့တာ ဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် ဖီအိုရင်တီးနားတို့ ရာသီ အကုန်မှာ စီးရီးအေ ထိပ်ဆုံး ၆ သင်း စာရင်းဝင်ရေး မျှော်လင့်ချက် ဝေဝါးလာခဲ့ပြီး လက်တလော အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
စီးရီးအေ နိုင်ပွဲ ပြန်ရခဲ့တဲ့ ဆာရီရဲ့ လာဇီယို ကတော့ ဥရောပဝင်ခွင့် အတွက် အဓိက ပြိုင်ဘက် ဖြစ်တဲ့ မြို့ခံ ရိုးမားရဲ့ ခြေချော်မှုကို အခွင့်ကောင်း ယူနိုင်ခဲ့ပြီး အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
နှစ်သင်းလုံး လာမယ့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စီးရီးအေ ပွဲစဉ်တွေ ဆက်လက် ကစားရဖို့ ရှိပြီး ဖီအိုရင်တီးနားက အတ္တလန္တာ၊ လာဇီယိုက အေစီမီလန်နဲ့ တွေ့ဆုံနေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.