အောက်တိုဘာ ၂၇ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဆိုလ်ဘက်ကန်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ ရိုးမား
ဘိုဒို ဂလင့်မ် တိုက်စစ်မှူး အိုလာ ဆိုလ်ဘက်ကန် အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ စီးရီးအေ ကလပ် ရိုးမားကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။
အီတလီ သတင်းဌာန တစ်ခု ဖြစ်တဲ့ Corriere dello Sportရဲ့ ဖော်ပြချက်အရ ရိုးမားဟာ ဆိုလ်ဘက်ကန်ကို အရင်ကတည်းက စိတ်ဝင်စားနေခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း ကြိုးပမ်းခဲ့ဖူးတယ်လို့ သိရပါတယ်။ အခုနှစ်မှာ တိုက်စစ်ပိုင်း အားနည်းနေတဲ့ ရိုးမား အသင်းဟာ စီးရီးအေ ၁၁ ပွဲ ကစားပြီးချိန် အထိ ၁၃ ဂိုးသာ သွင်းယူထားနိုင်တာကြောင့် ဂိုးသွင်း သေချာမယ့် တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုလ်ဘက်ကန်ကို နောက်ထပ် စီးရီးအေ ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ နာပိုလီ ကလည်း ခေါ်ယူဖို့ နီးစပ်နေကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အလွတ်နဲ့ ထွက်ခွာခွင့်ရမယ့် အသက် ၂၄ နှစ် အရွယ် နော်ဝေ တိုက်စစ်မှူး တစ်ယောက် ဘယ်အသင်းကို ရောက်ရှိသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။
ဆိုလ်ဘက်ကန်ဟာ လာမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ နော်ဝေ ကလပ် ဘိုဒို ဂလင့်မ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ရိုးမား အသင်း အနေနဲ့ လက်ဦးမှု ရယူနိုင်မယ်လို့ ယုံကြည်ချက် အပြည့် ရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ ရိုးမားတို့ ဆိုလ်ဘက်ကန်ကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ ၂၀၂၇ ခုနှစ် နွေရာသီ အထိ ၄ နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားဖို့ ရှိနေသလို ကစားသမား ဘက်ကလည်း တစ်နှစ်လုပ်ခ ယူရို ၁ သန်း ဝန်းကျင်အထိ ရရှိနိုင်ဖွယ် ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။
ရော်နယ်ဒိုကို ခေါ်မယ်ဆိုတဲ့ သတင်းတွေကို ထပ်ငြင်းလိုက်ပြန်တဲ့ နာပိုလီ
စီးရီးအေ ကလပ် နာပိုလီဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရိန်းဂျားစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင် နာပိုလီရဲ့ အားကစား ဒါရိုက်တာ ခရစ္စတီယာနို ဂူအင်တိုလီက အခုလိုပဲ ငြင်းဆိုသွားခဲ့ပါတယ်။
ဂူအင်တိုလီက “ကျနော် ထပ်ခါ ထပ်ခါ ပြောနေရပါတယ်။ ကျနော်တို့ နေ့စဉ်နဲ့ အမျှ စဉ်းစားနေရတာတွေ ရှိပေမယ့် အပြောင်းအရွှေ့ ဈေးကွက် အကြောင်းတော့ မဟုတ်ပါဘူး။ အပြောင်းအရွှေ့ ဈေးကွက်နဲ့ ပတ်သတ်ပြီး ပြောရမယ် ဆိုရင်တော့ ကျနော်တို့ ဘာမှ လုပ်ဆောင်သွားဖို့ မရှိပါဘူး။ ဘာလို့လဲ ဆိုတာ ပြင်ဆင်စရာ ဘာမှ မရှိဘူးလို့ မြင်လို့ပါ။”
“အခြေအနေတွေ အရမ်းကောင်းနေပါတယ်။ ကောင်လေးတွေ ကလည်း အကောင်းဆုံး ကြိုးစားနေကြပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ဘာမှလုပ်ဆောင်သွားဖို့ မရှိပါဘူး။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ အေးဂျင့် ဖြစ်သူ ဂျော့ဂျ် မန်းဒက်စ်ဟာ သူ့ရဲ့ ကစားသမား ယူနိုက်တက် ကနေ ပြောင်းရွှေ့နိုင်ရေး အတွက် လက်ရှိ အချိန်ထိ ခက်ခက်ခဲခဲ ကြိုးပမ်းပေးနေရဆဲ ဖြစ်ပါတယ်။ မန်းဒက်စ် အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းကလည်း ရော်နယ်ဒိုကို ခေါ်ယူဖို့ စီးရီးအေ ထိပ်သီး နာပိုလီ အပြင် မီလန် မြို့ခံ အသင်းတွေကိုပါ ချိတ်ဆက် ကမ်းလှမ်းခဲ့သေးပေမယ့် အဆင်မပြေခဲ့ပါဘူး။
အယ်လီဂရီကို ထုတ်ရုံနဲ့ ထူးခြားသွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ အွန်နရီ
ဂျူဗင်တပ်စ် အသင်း အနေနဲ့ နည်းပြ ဖြစ်သူ မက်ဆီမီလီယာနို အယ်လီဂရီကို အလုပ်ထုတ်လိုက်ရုံနဲ့ ဘာမှ ထူးခြားလာမှာ မဟုတ်ကြောင်း ပြင်သစ် တိုက်စစ်မှူးဟောင်း သီဟာရီ အွန်နရီက သုံးသပ်ပြောကြားလိုက်ပါတယ်။
ဂျူဗင်တပ်စ်ဟာ အခုနှစ် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေပြီး စီးရီးအေ မှာ အဆင့် ၈ နေရာ ရောက်နေသလို ချန်ပီယံလိဂ်မှာလည်း ယူရိုပါလိဂ် ဆင်းကန်ရဖို့တောင် မသေချာ ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် တူရင် ကလပ်ဟာ စီးရီးအေ ဇယား ထိပ်ဆုံးက နာပိုလီနဲ့ ၁၀ မှတ်တိတိ ကွာဟနေပြီ ဖြစ်သလို ၂၀၁၃-၂၀၁၄ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ကနေ ထွက်ခွာခဲ့ရတဲ့ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။
ဒီအချိန်မှာ ဂျူဗင်တပ်စ် ကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ အွန်နရီက “ကျနော် ကတော့ နည်းပြကို အလုပ်ထုတ်မယ့် လမ်းကို မရွေးချင်ပါဘူး။ နည်းပြ ကိုပဲ အပြစ်ပုံချဖို့ မသင့်ဘူးလို့ ယူဆတဲ့ ဘက်မှာ ကျနော် ရှိပါတယ်။ ဂျူဗင်တပ်စ်က ထိပ်ဆုံးကနေ အောက်ဆုံး အထိ ပြဿနာတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း အသင်းက လိုချင်တဲ့ ရလဒ်တွေ မရ ဖြစ်နေတာပါ။ ဆာရီနဲ့ ပီယာလိုတို့ ကလည်း ဆိုးဝါးတဲ့ နည်းပြတွေ မဟုတ်ပါဘူး။ အဲဒီတုန်းကလည်း ဒီလို စကားမျိုးကိုပဲ ကျနော် ပြောခဲ့ပါတယ်။” လို့ ဆိုပါတယ်။
အဲ့နောက် အွန်နရီက “ကန့်လန့်ကာ နောက်မှာ ဘာတွေဖြစ်နေလဲ ပြောလို့ မရပါဘူး။ ဒါတွေကို အရင် မပြင်ပဲနဲ့ အယ်လီဂရီကို ခန့်အပ်လိုက်လည်း ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ အာဆင်နယ်ကို ကြည့်လိုက်ပါ။ အာတေတာကို အချိန်ပေးလိုက်တော့ ဘာတွေ ဖန်တီးနိုင်သလဲ ဆိုတာကို တွေ့ရပါလိမ့်မယ်” လို့ သူ့ရဲ့ အမြင်ကို ဆက်လက် ပြောကြားသွားခဲ့ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.